Saturday, July 5, 2014

ဖေ့စ်ဘွတ်ခ်ဟက်ကာလမ်းပေါ်မှ မမေ့နိုင်တဲ့ချစ်သူ

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )


           အင်တာနက် ဖေ့စ်ဘွတ်ခ် ပေါ်တွင် အချစ်ရှာတွေ့နိုင်သည်ကို စုံတွဲ တစ်တွဲ က သက်သေပြခဲ့သည်။ စတိဗ်ကာဝါလက် နှင့် နာဇစ်ဂျွန်း တို့သည် ရင်းနှီးသည့် Mutual Friend ဖြစ်သည်ဟု သူငယ်ချင်းများက ပြောပြသည်။ အမှန်မှာ သူတို့ နှစ်ဦးသည် ဖေ့စ်ဘွတ်ခ် တွင် ဆုံခဲ့ကြခြင်းဖြစ်သည်။

          သူတို့နှစ်ဦးနေထိုင်ရာ ကနေဒါနိုင်ငံ တိုရွန်တိုမြို့မှ ဆန်ဖရန်စစ္စကိုမြို့သို့ ခရီးထွက်ပြီး ဖေ့စ်ဘွတ်ခ်ဋ္ဌာနချုပ်ရုံးချုပ်တည်ရှိရာ မင်လိုပန်းခြံမြို့ - Menlo Park City သို့ လေ့လာရေးခရီးစီစဉ်ခဲ့သည်။ ထိုအစီအစဉ်ကို “ စတိဗ် ” ကိုယ်တိုင်ရေးဆွဲထားခြင်းဖြစ်ပြီး ဖေ့စ်ဘွတ်ခ် ဝန်ထမ်းများ၏အစောင့်အရှောက်ဖြင့်သာ လှည့်လည်ခွင့်ရမည်ဟု “ ဂျွန်း ” နားလည်ထားခဲ့သည်။

ချစ်သူသက်တမ်း ( ၇ ) နှစ်ပြည့်သည့် ဂျွန်လ ( ၂၃ ) ရက်နေ့ ရောက်သောအခါ ဖေ့စ်ဘွတ်ခ် ရုံးချုပ်မှ နာမည်ကြီး Hacker Square လမ်းပေါ်တွင် လည်ပတ်ရင်း ဝန်ထမ်းများအကူအညီဖြင့် စတိဗ် သည် ဂျွန်း ကို လျပ်တစ်ပျက် ချစ်ရေးဆိုခဲ့သည်။ မကြာမီတွင် လူအုပ်ကြားမှ Facebook CEO Mark Zuckerberg နှင့် COO Sheryl SandBerg တို့ထွက်လာပြီး ဖူးစာရှင်စုံတွဲကို လက်ဆွဲနှုတ်ဆက်ကြသောအခါ ဖေ့စ်ဘွတ်ခ်ဝန်ထမ်းများမှ ကောင်းချီးသြဘာပေးကြသည်မှာ တစ်လမ်းလုံး ပွက်လောညံသွားလေသည်။


စတိဗ် က “ မင်းကို ငါ သိပ်ချစ်တယ်၊ ငါ့ကိုလက်ထပ်မလား ” ဟု ဒူးထောက်၍ ချစ်ရေးဆိုသောအခါ ဂျွန်း မှ “ ဟုတ်ကဲ့ပါရှင် ” ဟု ရင်ဖိုစွာဖြေခဲ့လေသည်။ ဂျူလိုင်လ ( ၃ ) ရက်နေ့တွင် ( ၂ ) မိနစ်ကြာ ချစ်ရေးဆိုသည့် ဗီဒီယိုကို “ ဂျွန်း ” က သူမ ဖေ့စ်ဘွတ်ခ်တွင် တင်သောအခါ ပြန်လည်မျှဝေ Share သည့်အကြိမ်ပေါင်း ( ၂ဝဝဝ ) ကျော်သွားခဲ့သည်။

 “ ဖေ့စ်ဘွတ်ခ် သာ မရှိခဲ့ရင် ကျွန်မတို့ဆုံမိမှာ မဟုတ်ဘူးလေ။ အင်တာနက် ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဖူးစာမျှခဲ့ပြီး နောက်ဆုံး တကယ့်မျက်မြင် ဖေ့စ်ဘွတ်ရုံးချုပ်မှာ ချစ်ရေးအဆိုခံခဲ့ရတဲ့ ကျွန်မ ဘဝဟာ ပြီးပြည့်စုံသွားပါပြီ။ အင်မတန် ရူးသွပ်ရပါတယ်။ အရမ်း ကျေးဇူးတင်ပါတယ် ဖေ့စ်ဘွတ်ခ် ရေ .. ” ဟု စိတ်လှုပ်ရှားစွာ ရင်ဖွင့်ခဲ့ပါသည်။
( ဤအစီအစဉ်ကို မာ့ခ်ဇက်ဂါဘတ် မှ လျို့ဝှက်စွာ ကူညီလက်ခံကျင်းပပေးခဲ့ခြင်းဖြစ်သည်။ )
Ref: http://www.newsday.com/news/nation/mark-zuckerberg-helps-steve-kawalit-plan-unforgettable-facebook-proposal-1.8673442

koko2yeye@gmail.com


" ဖေ့စ်ဘွတ်ခ်ဟက်ကာလမ်းပေါ်မှ မမေ့နိုင်တဲ့ချစ်သူ "

August 20, 2014 at 3:25am
" ဖေ့စ်ဘွတ်ခ်ဟက်ကာလမ်းပေါ်မှ မမေ့နိုင်တဲ့ချစ်သူ " စာမူသည်  ၂ဝ၁၄ သြဂုတ်လ ( ၂၃ ) ရက်နေ့ ၊ စနေနေ့ထုတ် NetGuide နည်းပညာဂျာနယ် အတွဲ ( ၃ ) ၊ အမှတ် ( ၄၈ ) ၊ စာမျက်နှာ ( ၄၇ ) တွင် ဖော်ပြပါရှိသည်။

Download Link : http://www.mediafire.com/download/dnq3oc6326usn6k/Vol._3,_No._48.pdf



No comments:

Post a Comment