Sunday, October 19, 2014

မောင်းသူမဲ့ Drone ယာဉ်များရဲ့ အနာဂါတ်

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး ).
.
.မောင်းသူမဲ့ Drone တီထွင်သူ ခရစ်အင်ဒါဆန် ဟာ ကွဲပြားတဲ့အလုပ်အကိုင်များလုပ်ကိုင်သူဖြစ်ပြီး သူ့မှာ စိတ်ဝင်စားစရာကောင်းတဲ့အချက်တွေ အများအပြား ရှိပါတယ်။ အင်ဒါဆန် ဟာ Wired မဂ္ဂဇင်းမှာ အယ်ဒီတာချုပ်အဖြစ် တာဝန်ယူနေပြီး အောင်မြင်တဲ့စာအုပ် ( ၃ ) အုပ်ရေးခဲ့သလို DIYDrones အင်တာနက်စာမျက်နှာကို မောင်းနှင်နေပါတယ်။ ဒါ့အပြင် အသင့်တပ်ဆင်ထိန်းချုပ်မောင်းနှင်နိုင်တဲ့ Drone ယာဉ်ပျံများကို ထုတ်လုပ်တဲ့ 3DRobotics ကုမ္ပဏီမှာ စီအီးအို အဖြစ်ဦးဆောင်နေသူပါ။ အင်ဒါဆန် နဲ့ အင်တာဗျူးခွင့်ရခဲ့တဲ့ Business Insider သတင်းအဖွဲ့ရဲ့ အမေးအဖြေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။
.
.
မေး ။            ။ တစ်ဦးတစ်ယောက်က ပထမဦးဆုံး မောင်းသူမဲ့ Drone ကို မဝယ်ခင် ဘာသိထားဖို့လိုပါသလဲ?
.
အင်ဒါဆန် ။          ။ ဟယ်လီကော်ပတာ နဲ့ လေယာဉ်ပျံတွေအထိ Drone တွေက အမျိုးအစားအများကြီး ရှိတယ်။ လေယာဉ်တွေက လှပပြီးတော့ နာရီပေါင်းများစွာ ပျံနိုင်တယ်။ ဒါပေမယ့် သူ့အတွက် ပျံတက်ဖို့ နဲ့ ဆင်းသက်ဖို့ လုံလောက်တဲ့နေရာအကျယ်အဝန်း ရှိဖို့လိုတယ်။ ဒေါင်လိုက် - အထက်တည့်တည့်ပျံတက်ဖို့အတွက်ကတော့ ဟယ်လီကော်ပတာ က အကောင်းဆုံးပါပဲ။
.
ဝယ်သူကို " ကော်ပတာ လား လေယာဉ်လား " ဆိုတာ ပထမဦးဆုံး မေးရလိမ့်မယ်။ အများစုက ကော်ပတာ ကို ရွေးကြတယ်။ သူတို့က ထိန်းချုပ်ရလွယ်တယ်လေ။ တစ်ကယ်လို့ ဘယ်လိုထိန်းကျောင်းမောင်းနှင်ရသလဲဆိုတာ လေ့လာချင်ရင် အမ်မဇွန်မှာ RC Toys ဆိုတာတွေ အများကြီးရှိတယ်။ အဲဒီကနေ စလေ့လာပါလို့ ကျွန်တော်တိုက်တွန်းချင်တယ်။

.

.
.
.
Drone ယာဉ်တွေမှာ လူမပါဘူး။ လူတက်မောင်းလို့မရဘူ .. ဒါက အဓိကအချက်ပဲ။ အခြေခံအားဖြင့် သူတို့ကို စမတ်ဖုန်း နဲ့ လက်တော့တွေကို ချိတ်ဆက်ထားတယ်။ တစ်ချို့ဟာတွေဆို စမတ်နာရီ နဲ့ ထိန်းကြတယ်။ " ဟိုကိုသွားပါ - Go there " ၊ " ငါ့နောက်လိုက်ခဲ့ - Follow me " ၊ " ဒီအဆောက်အအုံကို လမ်းပြပါ - Map that building " စသည်ဖြင့် လမ်းညွှန်ချက်တွေ ပေးနိုင်တယ်။ ဒါပေမယ့် မောင်းသူ ပိုင်းလော့မလိုဘူး။ ဒါတွေက ယာဉ်ပျံတွေကို မောင်းသူမဲ့ ဖြစ်စေတဲ့ အချက်တွေပဲ။
.
လူအများစုက ဓါတ်ပုံတွေလိုချင်ကြပေမယ့် ကိုယ်တိုင်လိုက်မစီးချင်ကြဘူး။ Drone ရဲ့ အဆင့်မြင့်နည်းပညာတွေကြောင့် အခုလို ပျံသန်းမှုတွေ လွယ်ကူလာစေခဲ့တာပါ။
.
.
မေး ။          ။ အင်ဒါဆန် က အဝေးထိန်းခလုပ်လေယာဉ်ပျံကို ကလေးတွေနဲ့ အတူကစားရင်း Drone တွေကို လေ့လာခဲ့တယ်ဆို .. အဲဒီအတွေ့အကြုံလေး ပြောပြပါဦး။
.
ဟုတ်တယ် .. ကျွန်တော်ဟာ တော်တော်ညံ့တဲ့ ပိုင်းလော့တစ်ယောက်ပါ။ လေယာဉ်ကို သစ်ပင် နဲ့ ဝင်တိုက်ပစ်လိုက်တယ်လေ။ ဒါကြောင့် ကျွန်တော်စဉ်းစားတယ် .. တကယ်လို့ စက်ရုပ်ကို ပျံနိုင်အောင် လုပ်နိုင်မလားလို့။ ဒါနဲ့ ကျွန်တော် " Flying Robot " လို့ရိုက်ပြီး Google မှာရှာကြည့်တော့ " Drone " ဆိုတာကို ရောက်သွားတယ်။ နောက်ထပ် " Drone " ကို ရှာကြည့်ပြန်တော့ " Auto Pilot " ကို ခေါ်သွားပြန်တယ်။
.
ပစ္စည်းတစ်ချို့ကိုမှာပြီးတော့ ကျွန်တော်နဲ့ ကလေးတွေ ထမင်းစားပွဲခုံကနေ စက်ကလေးတွေကို စိုက်ကြည့်နေခဲ့တဲ့ ကာလကလေးပေါ့။ အဲဒီအချိန်ကနေစပြီး ကမ္ဘာကြီးဟာ တစ်စုံတစ်ခုကြောင့် ပြောင်းလဲသွားခဲ့တယ်။ ညနေက်လဲရောက်ရော အလိုအလျောက်မောင်းဖို့ Auto Pilot ရဲ့ အပိုင်းအစတွေကို ကျွန်တော် နဲ့ ကလေးတွေ ဖန်တီးခဲ့ကြပြီ။
.
Google မှာ " Flying Robot " လို့ရှာလိုက်မိတဲ့ လူတစ်ယောက်နဲ့ကလေးတွေဟာ အခုလိုနည်းပညာမြင့် ပစ္စည်းကို တည်ဆောက်မိကြမယ်ဆိုတာ တကယ်တော့ မဖြစ်နိုင်တာပဲ။ ကျွန်တော် ကျေနပ်မိတယ်။ ရအောင်လုပ်နိုင်ဖို့ တစ်ခုခုက ပြောင်းလဲပေးနိုင်ခဲ့တယ်။
အဲဒီတစ်ခုခုကဘာလဲဆိုတာ ကျွန်တော် မပြောပြနိုင်ဘူး။ ဒါကြောင့် ဒီမေးခွန်းတွေရဲ့ အဖြေရှာဖို့ DIYDrones စာမျက်နှာကို ကျွန်တော် လွှင့်တင်ခဲ့တယ်။
.
.
မေး ။          ။ အဲဒီအမေးအတွက် အဖြေကို တွေ့ခဲ့ပြီလား?
.
အင်ဒါဆန် ။          ။ အဖြေက စမတ်ဖုန်း ပါ။ အုတ်ခဲလေးတွေဆက်သလို Drone တည်ဆောက်ဖို့ ပစ္စည်းတွေက စမတ်ဖုန်း ရဲ့ အင်္ဂါအစိတ်အပိုင်းတွေ ဖြစ်နေတယ်
.
.
.
.
မေး ။          3D Robotics ကုမ္ပဏီအကြောင်း ပြောပါဦး။ အင်ဒါဆင် ရဲ့ ဖောက်သည်တွေက Drone ဝယ်ပြီး ဘယ်နေရာမှာ သုံးကြတာတုန်း?
.
သုံးစွဲသူအများစုက GoPros ဖောက်သည်တွေပါ။ GoPros ဟာ သင့်ဘဝအကြောင်းကို ပြန်ပြောပြဖို့ အသစ်တစ်ဖန် အသက်သွင်းပေးလိုက်သလိုပဲ .. ဒါပေမယ့် မလုပ်နိုင်တာ တစ်ခုတော့ရှိသေးတယ်။ ရုပ်ရှင်ဒါရိုက်တာတွေလုပ်သလို မ,တင် ကရိန်းရဲ့ထိပ်မှာ ကင်မရာ တပ်ပေးလိုက်လို့မရဘူး။ ဒါကြောင့် ကျွန်တော်တို့ရဲ့ Drone တွေ နေရာ ရလာတယ်။ YouTube က GoPro ကို ပေါက်သွားစေသလို GoPro က Drone လမ်းကြောင်းကို ဖွင့်ပေးလိုက်တယ်။
.
ကျွန်တော်တို့  App အသစ်တွေ နေ့တိုင်း ကြားရတယ်။ သုံးစွဲသူက ထွင်လေလေ ရင်ဖိုရလေပဲ။ တောင်ထိပ်တက်မလား .. မိုးရာသီသစ်တောကြီးထဲက ကြံ့ဆင်တွေကို ဓါတ်ပုံရိုက်မလား .. ဦးနှောက်အရမ်းစားကြတယ်။ ကျွန်တော် ဂုဏ်ထူးမှတ်ပေးချင်တဲ့ ကဏ္ဍကတော့ ကုန်ထုတ်လုပ်မှုအပိုင်းပါ။ တကယ်ဆို ကျွန်တော် ဒါကို မစဉ်းစားမိခဲ့ဘူး။
.
.
မေး ။          ။ ဒါဆို မောင်းသူမဲ့လေယာဉ်မှူးအလုပ်ဟာ အလားအလာကောင်းတဲ့ အလုပ်လို့ ပြောနိုင်မလား?
.
ဒီလို အခေါ်အဝေါ်မျိုး ကျွန်တော်တို့ မသုံးဘူး။ တစ်ခါတစ်လေတော့ Drone မောင်းနှင်သူ လို့ပဲ ပြောတယ်။ ဒါမှမဟုတ် ကင်မရာရိုက်သူ လို့လည်း ခေါ်တယ်။ ကျွန်တော်တို့ရဲ့ Drone ဆိုတာ တကယ်တမ်းတော့ လေထဲကကင်မရာ ပါပဲ။ ဖုန်းကိုင်ပြီး ဓါတ်ပုံရိုက်တဲ့အခါ ဘယ်သူက ဖုန်းမောင်းနှင်သူ လို့ ခေါ်လို့လဲ?
,
တစ်ကယ့်ဖြစ်စဉ်မှာ ကင်မရာ လေထဲ ဘယ်လိုရောက်သွားတယ်ဆိုတာတောင် မသိလိုက်ဘူး။ လူတွေက ဓါတ်ပုံဖြစ်ဖို့ပဲ အာရုံထားကြတာ။ ကျွန်တော်တို့ကောင်းကောင်းထွင်လာနိုင်တာနဲ့အမျှ Drone ယာဉ် ဆိုတာကို သုံးစွဲသူတွေ အမှုမဲ့ အမှတ်မဲ့ ဖြစ်လာကြတယ်။ ဖောက်သည်တွေက ဓါတ်ပုံကောင်းတွေရဖို့ တွေးတောတယ်။ ကောင်းတဲ့ ရှုထောင့်ကနေ ဘယ်လိုရိုက်မလဲ စဉ်းစားကြတယ်။
.
.
မေး ။          ။ GoPro ကင်မရာ အသစ်ကိုရော ဘယ်လိုထင်လဲ? ခုနကပြောတဲ့ထဲမှာ GoPros နဲ့ Drone ဆိုတာ ခွဲမရဘူး ဆိုတာလေ?
.
အင်ဒါဆင် ။          ။ ကျွန်တော့မှာ GoPros ဗွီဒီယိုတွေ စုထားတာရှိတယ်။ ပွဲထုတ်တဲ့ ဗွီဒီယို ကို ကြည့်လိုက်ရင် ပါးစပ်အဟောင်းသားဖြစ်သွားမယ်။
.
အဲဒီမှာပါတဲ့ ဓါတ်ပုံတွေကို Drone တွေပေါ်က ဘယ်လောက်တောင်ရိုက်ခဲ့တယ်ဆိုတာ စိတ်ဝင်စားဖို့ အကောင်းဆုံးပဲ။ သိပ်ရှင်းပါတယ်။ ဒီလို ကင်မရာ ပိုင်ဆိုင်သူဟာ နေရာအနေအထားကောင်းကောင်းကနေ ရိုက်တော့မယ် .. ပုံထွက်ကောင်းအောင် တစ်စိမ့်စိမ့်တွေးပြီးရိုက်မယ်။ ဒီလောက်နဲ့တော့ မပြီးသေးဘူး။ ဟောလီဝုဒ်အဆင့်ရိုက်ချင်ရင် ဟောလီဝုဒ်အဆင့် အတွေးအခေါ်ရှိရမယ်။
.
.
မေး ။          ။ အနာဂါတ် Drone တွေအတွက် ဘယ်လို စိတ်လှုပ်ရှားနေပါသလဲ?
.
အခုက နေ့တစ်နေ့အစရဲ့ ပထမဦးဆုံး မိနစ်လေးပဲ ရှိသေးတယ်။ ညီမျှခြင်းတွေကနေ ရွေးထုတ်လိုက်ရမယ့် ရှုတ်ထွေးမှုတွေထွက်လာတာကို ကျွန်တော်တို့ စောင့်ကြည့်ရမယ်။
.
ဆီလီကွန်တောင်ကြားက သြဇာအာဏာရှိသူတွေလက်ထဲကို အင်အားကြီးမားတဲ့ နည်းပညာတွေ အခုမှ စထည့်တုန်းဆိုတော့ .. ကျွန်တော်တို့ ဒါကို ဘယ်လိုလွယ်အောင်လုပ်ရမလဲ၊ နည်းပညာအကူအညီမပါပဲ ဘယ်လိုမောင်းရမလဲ၊ လူသားတွေလေထဲပျံတဲ့ခေတ်မှာ ဓါတ်ပုံပညာကို ဘယ်လိုပြန်ဆန်းသစ်ရမလဲ စတာတွေကို ရင်ခုန်နေမိတယ်။
.
ပြီးရင် လူတွေက ဘယ်လိုအသုံးချကြမလဲ .. ကျွန်တော်တို့ချပေးထားတဲ့ လမ်းကြောင်းပေါ်ကနေ မျိုးဆက်သစ်တွေ ဘယ်လိုဆက်ထွင် လျှောက်လှမ်းသွားမလဲ ဆိုတာကတော့ ကျွန်တော့ရင်ကို အလှုပ်ခတ်ဆုံးပါပဲ။
.
.
Ref: Business Insider
.
https://www.youtube.com/watch?v=wTcNtgA6gHs
.
" မောင်းသူမဲ့ Drone ယာဉ်များရဲ့ အနာဂါတ် " စာမူသည် ၂ဝ၁၄ နိုဝင်ဘာလ ( ၁ ) ရက်နေ့၊ စနေနေ့ထုတ် NetGuide နည်းပညာဂျာနယ် အတွဲ ( ၃ ) ၊ အမှတ် ( ၅၈ ) ၊ စာမျက်နှာ ( ၄၇ ) တွင် ဖော်ပြပါရှိသည်။ 
Download Link :http://www.mediafire.com/download/w54uspoee6fip2g/Vol._3,_No._58.pdf



No comments:

Post a Comment