Sunday, August 16, 2015

ရေခမ်းခြောက်မှုကိုကာကွယ်ဖို့အရိပ်ရကော်ဘော်လုံးမည်းများနဲ့ကြိုးစားပြီ

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
အမေရိကန်ကယ်လီဖိုးနီးယားပြည်နယ်ဟာ ပင်လယ်ကမ်းရိုးတန်းရှည်ရှိသော်ငြားလည်း သောက်သုံးရေကန် - Reservoirs  များ ခမ်းခြောက်လာမှုကြောင့် သတိပေးတပ်လှန့်သံများပေါ်ထွက်လာခဲ့တာ နှစ်အတန်ကြာခဲ့ပါပြီ။ ဒီတော့ သဘာဝအရင်းအမြစ်ကာကွယ်ရေးအဖွဲ့ကနေ သောက်ရေကန်တွေကို အမိုးအောက်ပို့ဖို့ကြိုးစားပါတယ်။
.
လုပ်ဆောင်ချက်အရ ရေကန်ကြီးကို တာလာပတ်အစကြီးအုပ်ဖို့စဉ်းစားကြတယ်။ သိပ်မဖြစ်နိုင်တဲ့အခါ တစ်ခြားအလုပ်ဖြစ်မယ့်နည်းလမ်းတစ်ခုကိုတွေ့ရှိခဲ့ပြီး ( ၂ဝဝ၈ ) ခုနှစ်မှာ စတင်သုတေသနပြုခဲ့တယ်။ ခက်တာက ရေကန်ဆိုတာက အကျယ်ကြီးပါ။ ပြီးတော့ တိုင်တွေစိုက်ဖို့ဆိုတာကလည်းမလွယ်တဲ့ကိစ္စ။ သူတို့ရည်ရွယ်ချက်က နေရောင်ခြည်ပူပြင်းလာတာနဲ့အမျှ ရေငွေ့ပြန်ခြင်း - Evaporation ကိုကာကွယ်ဖို့ဖြစ်ပါတယ်။
.
တစ်ဆက်တည်းမှာ တိုးပွားလာနေတဲ့ ရေမှော်တစ်မျိုး - Algae ကို ထိန်းထားနိုင်ဖို့နဲ့ မလိုလားအပ်တဲ့ ဓါတုဖြစ်စဉ်တွေကြောင့် ဘက်တီးရီးယားပိုးတွေသက်ဆင်းကျရောက်ပြီး လူသားတွေသောက်သုံးလို့မရတဲ့ရေအဖြစ်မကျရောက်ရအောင် ကာကွယ်ဖို့ကိုပါထည့်သွင်းစဉ်းစားခဲ့ကြတယ်။ ဒါ့အပြင် ကင်ဆာဖြစ်စေတဲ့ Carcinogens ဒြပ်ပေါင်းတစ်မျိုး မပေါက်ပွားနိုင်အောင်တားဆီးဖို့လည်းပါဝင်ပါတယ်။

.
.
ဒီကိစ္စကိုကိုယ်တွယ်မယ့်အစိုးရဋ္ဌာနကတော့ ရေနှင့်စွမ်းအင်ဝန်ကြီးဋ္ဌာန - DWP ( Department of Water and Power ) ဖြစ်ပါတယ်။ သူတို့လိုချင်တဲ့ ပတ်ဝန်းကျင်လိုအပ်ချက်အရရေသန့်စင်မှု ကို U.S. Environmental Protection Agency Water-Quality Requirements နဲ့တိုင်းတာသတ်မှတ်ပါတယ်။ အခုတော့ လုပ်ငန်းစတင်ခဲ့တာမို့ ကယ်လီဖိုးနီးယားပြည်နယ် လော့အိန့်ဂျလိစ်မြို့က ရေကန်တွေမှာ စတင်စမ်းသပ်နေပါပြီ။
.
ပညာရှင်သုတေသီတွေအသုံးပြုခဲ့တာက အချင်း ( ၄ လက်မ ) အရွယ် အရိပ်ရကော်ဘော်လုံးအမည်းရောင် - Shade Balls လေးပဲများဖြစ်ပါတယ်။ နေရောင်ခြည်ထဲက ခရမ်းလွန်ရောက်ခြ့ည် - UV အတွက်အကာအကွယ်တစ်မျိုးကို ကော်ဘောလုံးပေါ်မှာ သုတ်လိမ်း - Coating လုပ်ပြီးသူ့အထဲမှာ လေတိုက်ရင်လွင့်ပါမသွားအောင် ရေထည့်ထားတာပါ။
.
.
ရေကန်ထဲကို ဘော်လုံးလေးသန်းပေါင်းများစွာကို သူတို့စမ်းသပ်သွန်ချခဲ့တယ်။ ဒီကနေ သောက်ရေကန်မျက်နှာပြင်ကို နေရောင်ခြည်ရဲ့အပူတိုက်-လောင်ကျွမ်း-အငွေ့ပြန်မှုကို စိမ်ခေါ်ကြတယ်။ ဘော်လုံးပေါင်း ( ၉၆ ) သန်းကိုဖုံးဖိထားလိုက်တာနဲ့ ကန်ရေပြင်ရဲ့ ( ၁၇၅ ) ဧကကို နေရောင်ခြည်ရဲ့ပူပြင်းလောင်မြိုက်မှုဒဏ်ကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဒီအရိပ်ရအကာအရံကနေ တစ်နှစ်အတွင်း လူဦးရေ ( ၈၁ဝဝ ) သောက်သုံးနိုင်တဲ့ ရေစင်ရေသန့်ဂါလံ သန်း ( ၃ဝဝ ) ရဲ့ အငွေ့ပျံခမ်းခြောက်မှုကို တားဆီးနိုင်မှာဖြစ်ပါတယ်။
.
အမေရိကန်အိမ်တွေရဲ့အိမ်ရှေ့မြက်ခင်းတွေပေါ်မှာ အလှထားတဲ့မြက်ခင်းတွေကလွှဲရင် ငှက် နဲ့ ပိုးမွှားရန်တွေကနေကာကွယ်ဖို့ သစ်သားစေလေးများ - Mulch တွေကို ဖုံးအုပ်ထားလေ့ရှိပါတယ်။ ဒီအကြံကိုစတင်မွေးဖွားပေးသူက LADWP က အငြိမ်စားဇီဝဗေဒပညာရှင် “ ဘရိုင်ရန်ဝှိုက် - Brian White ”  ဖြစ်ပါတယ်။ ဝှိုက် က ဒီစိတ်ကူးကနေ ရေကန်ကိုထိန်းသိမ်းဖို့ နည်းလမ်းတစ်ခုရှာတွေ့သွားခဲ့တာလို့ သိရတယ်။
.
.
အခုဆိုရင် လော့အိန့်ဂျလိစ်မြို့မြောက်ဖက်က အပ်ပါးစတုံး - Upper Stone ၊ အယ်လီစီယမ် - Elysian  နဲ့ အိုင်ဗန်ဟိုး - Ivanhoe ရေလှောင်ကန်တွေမှာ စတင်အသုံးပြုနေပါပြီ။ အရိပ်ရဘောလုံး - Shade Ball တစ်လုံးကို တန်ကြေး ( ၃၆ ) ဆင့် ကျသင့်တယ်လို့သိရတယ်။
.
ဒါကြောင့်မို့ ဒီပရောဂျက်ဟာ ဒေါ်လာ ( ၃၄.၅ ) သန်း ကုန်ကျပြီး စတင်အသုံးပြုရာကနေ ( ၁ဝ ) နှစ်အတွင်း ပြန်လည်ကုန်ကြမ်းပြုသုံးစွဲဖို့ Recycle လုပ်နိုင်မှာဖြစ်လို့ ရေခမ်းခြောက်မှု - Drought ကြောင့် သောက်သုံးရေရှားပါးမှုကုထုံးအနေနဲ့ ပေါ့ပေါ့ပါးပါးနည်းပညာအခြေခံသုတေသနစမ်းသပ်မှုကို ကြိုဆိုလိုက်ရပါတယ်။
.
ခင်မင်ခြင်းများစွာဖြင့်
.
08-16-2015
.

ရည်ညွှန်းကိုးကား - Times, Business Insider
.
 " ရေခမ်းခြောက်မှုကိုကာကွယ်ဖို့အရိပ်ရကော်ဘော်လုံးမည်းများနဲ့ကြိုးစားပြီ " စာမူသည် ၂ဝ၁၅ ခုနှစ်၊ စက်တင်ဘာလ ( ၁၉) ရက်နေ့၊ စနေနေ့ထုတ် NetGuide နည်းပညာဂျာနယ် အတွဲ ( ၄ ) ၊ အမှတ် ( ၂ ) ၊ စာမျက်နှာ ( ၅၁ ) တွင် ဖော်ပြပါရှိသည်။


No comments:

Post a Comment