Friday, May 22, 2015

ပြန်တွေ့ကြတဲ့သွေးသံယောဇဉ်

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
လစ်ဇီးဗယ်ဗာဒီး နဲ့ ခက်သီအော်စန် တို့ဟာ သတင်းရေးဂျာနယ်လစ်ဇင်ပရော်ဖက်ဆာကြီးက အတန်းကိုလိုက်နှုတ်ဆက်တဲ့အချိန်မှာ ကိုယ့်နောက်ကြောင်း နဲ့ အမည်နာမတွေကို အလှည့်ကျပြောပြဖို့စောင့်နေကြပါတယ်။ လစ်ဇီး က စပြောလိုက်တဲ့အချိန်မှာ တစ်ခန်းလုံးက ငြိမ်ကျသွားတယ်။ အားလုံးက စောင့်နားထောင်နေတယ်။
.
လစ်ဇီးမှာ သမီးတစ်ယောက်ရှိပြီး သူမ ကိုယ်တိုင်က တစ်ချိန်တုန်းက လက်ရှိမိဘကနေ မွေးစားခံရတဲ့ မွေးစားသမီးလို့ပြောတယ်။ တစ်ခြားအကြောင်းတွေပါ အနည်းအကျဉ်းစီပြောရင်း အခုချိန်လောက်ဆို သူမ ပြန်မှတ်မိနိုင်တော့မှာမဟုတ်တဲ့ ညီမလေးအကြောင်းကိုပါ ပြောပြတယ်။
.
.
ဒီဇာတ်လမ်းလေးကိုကြားပြီး တုန်လှုပ်နေသူကတော့ ခက်သီ ပါ။ သူမ အလှည့်လည်းရောက်ရော စကားပြောဖို့တောင် ခက်နေပါတယ်။ တစ်ကိုယ်လုံးလည်း တုန်ခါနေသလို စိတ်မငြိမ် လှုပ်ရှားနေတယ်။ ကက်သီဟာ သူမအကြောင်းကို ခက်ခက်ခဲခဲ ပြောပြရင်း ကိုလံဘီယာတက္ကသိုလ် အတန်းက မထွက်ခွာမီ လစ်ဇီး နဲ့ တွေ့ဆုံစကားပြောခဲ့တယ်။

.
အသက် ( ၃၄ ) နဲ့ ( ၃၃ ) နှစ်အရွယ် မိန်းမသား ( ၂ ) ဦးဟာ ကိုယ်ရေးရာဇဝင်တွေကို ထိုင်ပြီး တိုက်ဆိုင်ပြောဆိုလိုက်တဲ့အခါ ( ၂ ) ဦးသား အတူတကွလုပ်ဆောင်ရန်ကိစ္စတစ်ခု ပေါ်ပေါက်လာတယ်။ ဒါကတော့ သူတို့ကိုမွေးခဲ့တဲ့ မိခင်တွေဟာ တစ်ယောက်တည်းပဲလားဆိုတာကို စစ်ဆေးဖို့ဖြစ်ပါတယ်။
.
.
အမှန်က လစ်ဇီးဟာ သူ့ကိုမွေးစားခဲ့တဲ့ အမွေစားအမွေခံစာချုပ်ပေါ်မှာ ချန်ထားခေါ်ဆိုတဲ့ မိခင်ရင်း ရဲ့ Maiden Name ကို သိရှိပြီးကတည်းက ဝမ်းနဲ့လွယ်မွေးခဲ့တဲ့အမေရင်းကို ရှာတွေ့ခဲ့ပါတယ်။ နာမည်က “ လက်စ်လီပါကာ ” ပါ။ ဒါပေမယ့် သူ့မမှာ သွေးသားရင်းညီမလေးတစ်ယောက်ရှိတာတော့ မသိခဲ့ရှာဘူး။
.
ဒီညီအစ်မ ( ၂ ) ယောက်ဟာ အထက်နဲ့အောက် ကပ်လျက်မွေးခဲ့တဲ့ လက်စ်လီ ရဲ့ သမီး ( ၂ ) ယောက်ဖြစ်ပြီး မကျွေးနိုင်လို့ မိဘမဲ့ဂေဟာ ကို လှူခဲ့တာ လွန်ခဲ့တဲ့ အနှစ် ( ၂ဝ ) ကျော်လောက်က ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ ဖလော်ရီဒါ နဲ့ နယူးဂျာစီ မိဘအသစ်တွေရဲ့ တစ်ယောက်တစ်နေရာစီ မွေးစားခံခဲ့ကြပေမယ့် အချက်တော်တော်များများအပေါ်မှာတော့ တူညီကြတယ်။
.
.
အဲဒါတွေက ကိုလံဘီယာတက္ကသိုလ်တက်နေတာ၊ သတင်းရေးဂျာနယ်လစ်ဇင်မေဂျာတက်နေတာ၊ တက်နေတဲ့အတန်း၊ အခန်း နဲ့ မိခင်ရင်း စတာတို့ပဲ ဖြစ်ပါတယ်။
.
“ သူတို့ကိုမွေးခဲ့ပေမယ့် ဆက်ကျွေးဖို့ အခက်အခဲရှိခဲ့တယ်။ ဒါကြောင့် စွန့်ပစ်ဖို့ စဉ်းစားခဲ့ရတယ်ဆိုတာ ဝန်ခံပါတယ်။ ဒီဆုံးဖြတ်ချက်ကိုလည်း ကျွန်မ ဆယ်ကျော်သက်အရွယ်မှာ မှန်ကန်တယ်လို့ ယူဆခဲ့တယ်။ အခုကျမှ ဘဝက ပိုပြီး ပြည့်စုံနေပါပြီ။ ကျွန်မသမီးကြီး ဒီပလိုမာ ဒီနေ့ တက်ယူတယ်လေ ” လို့ မိခင် လက်စ်လီ က မျက်ရည်ဝဲပြီး ပြောပြနေတယ်။
.
.
စာရေးဆရာဖြစ်ချင်ခဲ့တဲ့ အမေလက်စ်လီက သူ့သမီး ( ၂ ) ယောက်လုံး ဘွဲ့ရပညာတတ်ဖြစ်ပြီမို့ ဘဝမှာ ဒီထက်ကျေနပ်စရာ မရှိတော့ပါဘူး တဲ့။
.
ဂုဏ်ယူနေသူကတော့ အစ်မကြီးတစ်ဖြစ်လဲ သမီးကြီး လစ်ဇီး ပါ။ အကြောင်းကတော့ သူမ ဒီနေ့ ဘွဲ့လက်မှတ်ယူအပြီးမှာ ပြန်ဆုံရတဲ့ ဝေးသံယောဇဉ် မွေးအမေ နဲ့ သွေးညီမလေးတို့ နှစ်ယောက်က စောင့်ကြိုနေကြလို့ပါပဲ။ ပြီးတော့ ပြီးခဲ့တဲ့ အပတ်ကပဲ မွေးအမေ နဲ့ ညီမလေးအသစ်စက်စက်ကိုလည်း ဆုံတွေ့ပေးနိုင်ခဲ့တယ်လေ..။
.
.
ပိုပြီး ဂုဏ်ယူရတာက “ ကျွန်မ ဒီနေ့ ဘွဲ့နှင်းသဘင်စင်မြင့်ပေါ်ကို ချစ်လှစွာသော သမီးငယ်လေး နဲ့ အတူတူတက်ရောက်ပြီး ဒီပလိုမာကို လက်ခံနိုင်ခဲ့လို့ပါ ” လို့ လစ်ဇီးက ဖြည့်စွက်ပြောလိုက်ပါသေးတယ်။
.
ကဲ ..ဒီလို ကံ ကိုမှ ထူးခြားတယ်လို့မပြောရင် ဘာကိုပြောရတော့မှာလဲ …!
.
.
ရည်ညွှန်းကိုးကား - Business Insider, abc NEWS


No comments:

Post a Comment