Wednesday, March 11, 2015

ပြည်ပထွက်နေထိုင်ဖို့အကောင်းဆုံးဒေသ ( ၂ဝ ) အပိုင်း ၂။

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
10.. ဟောင်ကောင် - Hong Kong မှ အဆက်
.
9.. အိန္ဒိယ - India
.
ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဘွဲ့ပိုင်ရှင် တစ်ဖြစ်လဲ စီးပွားရေးအားကောင်းတဲ့ စူပါပါဝါနိုင်ငံဖြစ်လာတဲ့ အိန္ဒိယ ဟာ ပြောင်းရွှေ့နိုင်ငံခြားသားတွေအတွက် ကုန်သွယ်မှုအခွင့်အလမ်း နဲ့ အလုပ်အကိုင်ရွေးချယ်မှုတွေကို ချောင်းမြောင်းအခြေချဖို့ နေရာတစ်နေရာ ဖြစ်လာနေပါတယ်။
.
ဒီနိုင်ငံကိုမှ ဘာကြောင့်လာချင်နေကြပါသလဲ? ဘယ်လိုပဲဖြစ်ဖြစ် ဒီအကွက်အကွင်းမှာနေနိုင်ရင် လူမှုစားရိတ်သက်သာတယ်၊ ကောင်းကောင်း စားသောက်နေထိုင်နိုင်တယ်။ ကလေးသူငယ်ပျိုးထောင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အဝတ်အစား၊ မီးဖိုချောင်သုံးပစ္စည်း နဲ့ အိမ်သုံးပစ္စည်းစုံတွေ ဘာလိုချင်သလဲ .. အကုန်ဈေးသက်သာစေရမယ်။
.
မိမိကလေးနယ်မြေရပ်ခြားမှာပျိုးထောင်မှုအဆင့်မှာ အိန္ဒိယက အဆင့် ( ၆ ) မှာ ရပ်တည်နေနိုင်ဖို့အတွက် တိုင်းပြည်ရဲ့ အဆင့်မြင့်တဲ့ ကလေးသူငယ်စောင့်ရှောက်မှု နဲ့ ဈေးသက်သာတဲ့ ပညာရေး၊ တန်းမှီတဲ့ တက္ကသိုလ်တွေကို စုပေါင်းကျေးဇူးတင်ရမှာပါ။
.
တစ်ဖက်မှာ ဒီလောက်ကောင်းနေရုံမက လူမှုဆက်ဆံရေးအထိအတွေ့ - Social Scene တွေမှာလည်း တစ်ခြမ်းစောင်း နိမ့်ဆင်းမသွားပါဘူး။ လူမှုဘဝဆက်ဆံရေးမှာ အဆင့် ( ၅ ) ချိတ်ရတဲ့အကြောင်းရင်းက သူငယ်ချင်းဖွဲ့လို့လွယ်ကူလို့ပါ။ အဆင့် ( ၉ ) အရ ဖျော်ဖြေမှုတွေကို လူတွေ ကြိုက်နှစ်သက်ကြတယ်။
.
“ အိန္ဒိယ ဟာ ပျော်စရာကောင်းတယ်။ စိတ်လှုပ်ရှားဖို့ကောင်းသလို အစစအရာရာ မတူညီမှုတွေ အများကြီးရှိတယ်။ တစ်ခါတစ်လေ ဒီအခြေအနေတွေက သိပ်ကောင်းမွန်တဲ့ စိမ်ခေါ်မှုတွေ ဖြစ်ပေါ်စေပါတယ် ” ဆိုပြီး ပြောင်းရွှေ့နိုင်ငံခြားသားတစ်ဦးက HSBC ကို မှတ်ချက်ပေးပါတယ်။

Sunday, March 8, 2015

ပြည်ပထွက်နေထိုင်ဖို့အကောင်းဆုံးဒေသ ( ၂ဝ ) အပိုင်း ၁။

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
အလုပ်ဟောင်းမှာ စိတ်ပြောင်းနေပြီလား? ရေကြည်ရာမြက်နုရာ နေရာသစ်တစ်ခု ရှာနေပြီလား? သင်ကျင်လည်ကျက်စားရာနေရာကနေ ပိုမိုစိမ်းလန်းစိုပြေပြီး တောတောင်ရေမြေပေါများတဲ့ ပထဝီသဘာဝတွေ အများကြီးထဲက အကောင်းဆုံးရွေးချယ်နိုင်ဖို့ဆိုတာ အခက်အခဲရှိစမြဲပါ။
.
ကောင်းပေ့ဆိုတာကို တစ်ချက်တည်း ရွေးချယ်နိုင်ဖို့က တော်တော်ရှုတ်ထွေးတဲ့အလုပ်ကြီးပါ။ အလုပ်အကိုင်အခွင့်အလမ်း၊ လုပ်ခလစာ၊ လူနေမှုအဆင့်အတန်း၊ ဘေးကင်းလုံခြုံမှု နဲ့ သားသမီးတွေကို ပြုစုပျိုးထောင်ဖို့ စတဲ့ အချက်တွေပေါ်မှာ တည်ပြီး စဉ်းစားရပါမယ်။ ဟောင်ကောင် နှင့် ရှန်ဟိုင်း စီးပွားရေးကော်ပိုရေးရှင်း ( ဘဏ် ) – HSBC ရဲ့ နှစ်ချုပ်ပြည်ပနေထိုင်မှုစစ်တမ်းမှာ စာရင်းတစ်ခု တင်သွင်းလာတာကို တင်ပြလိုပါတယ်။
.
ဒီစာရင်းအရ လုပ်ငန်းအတွေ့အကြုံ၊ စီးပွားရေးလုပ်ကိုင်ရန်လွယ်ကူမှု၊ မိမိသားသမီးကို ပြည်ပကျောင်းတက်နိုင်ရန်လွယ်ကူစေမှု ဆိုပြီး ကဏ္ဍငယ်လေးတွေ ခွဲပြီး အသေးစိတ် တင်ပြထားပါသေးတယ်။ BI သတင်းစာကြီးက အဲဒီစာရင်းထဲက ပထမ ( ၂ဝ ) စာရင်းကို ကူးယူထုတ်ပြန်ထားပြီး စာဖတ်သူအနေနဲ့ ကိုယ့်စိတ်ကြိုက်ကိုယ် အရေးကြီးသလို အနေအထားပြောင်းလဲစဉ်းစားပါလို့ အကြံပေးထားပါတယ်။ အဆိုပါစာရင်းကို နောက်ကနေ စီစဉ်ပြသရရင် ..
.
.
20.. ဘယ်လ်ဂျီယံ - Belgium
.
သားသမီးကျောင်းထားရန်၊ ကျန်းမာရေးစောင့်ရှောက်မှု နဲ့ ဘာသာစကားအသစ်သင်ယူဖို့ ဘယ်လ်ဂျီယံနိုင်ငံ ကို အဆင့်မြင့်မြင့်တစ်ခုမှာ သတ်မှတ်ထားပါတယ်။ တိုင်းပြည်ရဲ့ အထွေထွေနေထိုင်မှုအတွေ့အကြုံ နဲ့ စီးပွားရေးကဏ္ဍတွေကတော့ ပုံမှန်ပါပဲ။ ဒါပေမယ့် အားကစား နဲ့ ခန္ဓာကိုယ်အလေးချိန်ထိန်းသိမ်းရမယ့်အစားအစာတွေမှာတော့ အားနည်းပါတယ်။ သို့သော်လည်း သင်ဟာ ဘီယာ၊ ချော့ကလက် နဲ့ ဝါဖယ်မုန့် - Waffles ကြိုက်ရင်တော့ အပြစ်မဆိုသာပါဘူး။

Thursday, March 5, 2015

အသစ်ထွင် တစ်ခွင်ဆန်းလာတဲ့ Samsung Galaxy S6 နဲ့ S6 edge

ဆောင်းပါးရှင် - ကိုည်ီညီ ( တောင်ကြီး )

.
.
( ၂ဝ၁၅ ) ခုနှစ်၊ မတ်လ ( ၂ ) ရက်နေ့၊ စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့မှာပြုလုပ်တဲ့ ဆမ်ဆောင်းရဲ့ Galaxy Unpacked 2015 ကုန်ပစ္စည်းသစ်ကြေငြာပွဲမှာ “ What’s Next ” ဆိုတဲ့ ဆောင်ပုဒ်ကို နဖူးစီးတင်ထားပါတယ်။ ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် ဂျေခေရှင်းက “ Next Is Now ” ဆိုပြီး ဆဲလ်ဖုန်းမျိုးဆက်သစ် ( ၂ ) မျိုးကို ထုတ်ဖော်ပြသသွားပါတယ်။ နည်းပညာဘလော့ဂ်တွေရဲ့အာဘော်ကိုဖတ်ရတာ ငြီးငွေ့သူများအတွက် ပြည်ပရောက်မြန်မာတစ်ယောက်အနေနဲ့ အရပ်သားနားလည်အောင် ရှင်းပြရေးသားရင်း ကြယ်ပွင့်များနဲ့ Rating ပေးသွားချင်ပါတယ်။
.
ထူးခြားချက်အနေနဲ့ ဆမ်ဆောင်းရဲ့ပွဲတွေမှာတွေ့ရလေ့ရှိသလို အင်္ဂလိပ်စကားကို မိခင်ဘာသာစကားအဓိကပြောသူများက ဦးဆောင်သွားသလိုမျိုးမဟုတ်ပဲ အာရှတိုက်သား ကိုးရီးယားအများစုက ယခုပွဲမှာ ပဲ့ကိုင်ကျင်းပသွားတာပါပဲ။ လေယူလေသိမ်းအရ အနည်းငယ်လိုအပ်ချက်ရှိပေမယ့် အတော်လေးကြိုးစားထားတာကို ပထမဦးဆုံး အသိအမှတ်ပြုရင်း ၂ဝ၁၅ ဘာစီလိုနာပွဲကို ( ) နဲ့ စတင်အမှတ်ပေး ကြိုက်နှစ်သက်မိပါတယ်။
.
.
Galaxy Series မှာ ဖုန်းအသစ်က ( ၂ ) မျိုးပါ။ 5.1” ထောင့်ဖြတ်မျက်နှာပြင်ရှိတဲ့ S6 နဲ့ S6 edge ( ဟုတ်ပါတယ် edge ကို စာလုံးအသေးနဲ့ရေးထားပါတယ် ) တို့ဟာ အရောင်တွေထဲမှာ Motorola က လွဲရင် မထုတ်ဖူးသေးတဲ့ အစိမ်းရောင်ကိုပါ ထုတ်လာတာ တွေ့ရပါတယ်။ ကမ္ဘာ့ပထမဦးဆုံး ဖန်ကွေးမျက်နှာပြင် ( ၂ ) ဖက်ပါတဲ့ Dual Curved Smart Phone ဖြစ်လို့ အင်မတန်ဂုဏ်ယူနေတဲ့ပုံကို သတင်းတွေမှာ တွေ့ရမှာပါ။ ဒီလိုဖန်ကွေးမျက်နှာပြင် - Curve ဖြစ်အောင် ( ၈ဝဝံ) ဆားဆီးရပ်အပူချိန်ကိုသုံးပြီး ကွေးထားရတယ်လို့ ရှင်းပြပါတယ်။
.
ဖုန်းကိုယ်ထည်အရောင်တွေကို အလွန်သေးငယ်တဲ့ အလင်းအလွှာ - Micro Optical Layer များနဲ့ အနုစိတ်ဖန်တီးယူပါတယ်။ သတ္ထုကိုယ်ထည်ဟာ တစ်ခြားနာမည်ကြီးဖုန်းတွေထက် ( ၅ဝ% ) ပို ခိုင်ခန့်တယ်။ သူမရဲ့ မိခင်ဘာသာစကားက အင်ဂျင်နီယာဘာသာရပ်မဟုတ်ပေမယ့် အခု အထင်ကရ ဆမ်ဆောင်းဖုန်းတွေဟာ မကွေးညွတ်ဘူးလို့ ဆမ်ဆောင်းရဲ့ကမ္ဘာလုံးဆိုင်ရာ အိုင်တီနှင့်မိုဘိုင်းဋ္ဌာနခေါင်းဆောင် ယုံဟီးလီ - Young Hee Lee ရဲ့ အပြောဟာ Apple ရဲ့ နာမည်ကြီး iPhone 6 Plus ကို ရည်ညွှန်းတာ သိသာပါတယ်။

Tuesday, March 3, 2015

ဖိလစ်ပိုင်နိုင်ငံရဲ့ ထူးခြားချက်( ၉ )ချက်

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
1.. ကျွန်းများပိုင်ရှင် ဖိလစ်ပင်း
.
ဖိလစ်ပိုင်နိုင်ငံကို ကျွန်းပေါင်း ( ၇၁ဝ၇ ) ကျွန်း နဲ့ ဖွဲ့စည်းထားပေမယ့် ( ၂ဝဝဝ ) ခန့်သော ကျွန်းမြေများပေါ်မှာသာ စည်ပင်ဝပြောပါတယ်။
.
.
2.. လူဦးရေပွား ဖိလစ်ပီးနိုးများ
.
ဖိလစ်ပိုင်နိုင်ငံဟာ ကျွန်းသား - Islander တွေဆိုပြီး အထင်တော့ မသေးလိုက်ပါနဲ့။ နေထိုင်တဲ့ လူဦးရေ ( ၁ဝ၇ ) သန်း ရှိပါတယ်။ များမများဆိုတာ ကမ္ဘာ့ရဲ့ ( ၁၃ ) နိုင်ငံမြောက် လူဦးရေအများဆုံးနိုင်ငံ ဖြစ်နေတဲ့အချက်ကိုသာ ကြည့်ပါတော့။
.
.
3.. နိုင်ငံအမည်ပေးပုံက
.
ဖိလစ်ပိုင်နိုင်ငံဟာ စပိန်ကိုလိုနီဘုရင်တစ်ပါးကို အထူးချီးမြှောက်မည့်ခေါ်ထားတဲ့ နာမယ်ပါ။ ဒုတိယမြောက် ဖိလစ်ဘုရင် Philip II of Spain ရဲ့ ဘွဲ့တော်ကို အစွဲပြုပြီး ( ၁၅၄၃ ) ခုနှစ်မှာ မှည့်ခေါ်ခဲ့ပါတယ်။.
.
.
4.. သီချင်းကြိုက်တဲ့ ဖိလစ်ပီးနိုးတွေ
.
ကမ္ဘာမှာ ပထမဦးဆုံး ကာရာအိုကီစက် မူပိုင်ခွင့်တင်ခဲ့သူဟာ ဖိလစ်ပီးနိုးတစ်ယောက်ဆိုရင် အံ့သြသွားမှာလား? သူ့နာမည်က ဘာတိုဒဲရိုစရီးယို - Berto Del Rosario ဖြစ်ပါတယ်။
.
.
5.. မက်ခါတီမြို့တော်ရဲ့နာမယ်
.
လူဦးရေ ( ၆ ) သိန်းကျော် ပြွတ်သိပ်နေထိုင်ရတဲ့ မက်ခါတီမြို့ - Makati City ဟာ ကမ္ဘာ့ဆဲလ်ဖီးဓါတ်ပုံမြို့တော် - Selfie Capital of the World လို့ အမည်တွင်ပါတယ်။
.
.
6.. ရှူးဖိနပ်ပဒေသာပင်
.
( ၁၉၈၆ ) ခုနှစ်မှာ တိုင်းပြည်ကနေ ထွက်ပြေးတိမ်းရှောင်သွားတဲ့ သမ္မတဟောင်းမားကို့ကတော် အင်မင်ဒါ မားကို့စ်ဟာ ဖိနပ်အရံပေါင်း ( ၁၂၂ဝ ) ချန်ရစ်ခဲ့တာကို မှတ်မိကြဦးမှာပါ။
.
.
7.. ဆန့်ကျင်ဖက် နဲ့ အားယူတဲ့ ဖိလစ်ပိုင်
.
စစ်ဖြစ်ချိန်မှာ နိုင်ငံတော်အလံကို ပြောင်းပြန်လွှင့်ထူတာ ကမ္ဘာမှာ ဖိလစ်ပိုင်နိုင်ငံ တစ်နိုင်ငံတည်းသာ ရှိပါတယ်။ အပေါ်ကိုရောက်သွားတဲ့ အနီရောင်ဟာ “ သတ္တိ ” ကို ကိုယ်စားပြုပြီး ဒီအလံကိုမြင်လိုက်သူတိုင်း မျိုးချစ်စိတ်ထကြွရှင်သန်စေတယ်လို့ ဖိလစ်ပီးနိုးတွေက ယုံကြည်ပါတယ်။
.
.
8.. စကားပြော ထူးခြားတဲ့နိုင်ငံ
.
မယုံမရှိပါနဲ့..။ ဖိလစ်ပိုင်နိုင်ငံဟာ အင်္ဂလိပ်စကားပြောတဲ့ တတိယအကြီးဆုံးတိုင်းပြည် ဖြစ်ပါတယ်။
.
.
9.. ဖိလစ်ပီးနိုးတွေ ဘယ်ကိုပြောင်းရွှေ့ငွေရှာကြသလဲ?
.
အမေရိကား ပါ။ ဒါ့အပြင် အမေရိကားကို ဝင်ရောက်မှုအများဆုံးလူမျိုးထဲမှာ စတုတ္ထချိတ်ပါတယ်။ သူ့အထက်ကပ်လျက်မှာ တရုတ်လူမျိုးရှိပြီး အပေါ်မှာ အိန္ဒိယန်းလူမျိုး နဲ့ ပထမအများဆုံးက မက္ကဆီကန်လူမျိုးတို့ ဖြစ်ကြပါတယ်။
.
.
ဆက်လက်လေ့လာနိုင်ပါစေ။
.
.
ရည်ညွှန်းကိုးကား - Business Insider