Sunday, November 9, 2014

Airbnb CEO ရဲ့ အလုပ်ခန့်ပုံ

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
Airbnb ကုမ္ပဏီဟာ ခရီးသွားလုပ်ငန်း နဲ့ အိမ်ငှား၊ တည်းခိုခန်းငှား လုပ်ငန်းလုပ်ကိုင်တဲ့ အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ ( ၁၉၂ ) နိုင်ငံက အိမ်ပိုင်ရှင်ပေါင်းများစွာနဲ့ အချိတ်အဆက်ရှိပြီး သူ့ဝဘ်ဆိုဒ်မှာ အခန်းလွတ် စာရင်းတင်ထားသူ ထောင်ပေါင်းများစွာ ရှိတယ်။ နဂိုမူလ ကွေကာအုပ် - Cereal လုပ်ရောင်းရင်းကနေ ဒီဇိုင်နာ ( ၂ ) ဦး ထပ်တိုးလာလို့ တည်ထောင်သူ ဘရိုင်ယန်ချက်စကီး - Brian Chesky က တည်းခိုခန်းခ မတတ်နိုင်တဲ့အခါ အခန်းလွတ်လိုက်ရှာရင်း ဒီကုမ္ပဏီရဲ့ စိတ်ကူးကို အုတ်မြစ်ချခဲ့တယ်လို့ ဆိုပါတယ်။
.
ကုမ္ပဏီကြီးတွေမှာ အလုပ်ရဖို့ဆိုရင် ဦးဆောင်မှုအရည်အသွေးပါတဲ့ ကိုယ်ပိုင်အရည်အချင်းရှိရမယ်ဖြစ်သလို နည်းပညာ ကို မျက်ခြေမပြတ်ဖို့လည်း လိုအပ်လှပါတယ်။ ဒါပေမယ့် Airbnb မှာ အလုပ်ဝင်နိုင်ဖို့တော့ အိပ်မက် မက်တတ်ရမယ် ပြီးတော့ အကြီးကြီး စဉ်းစားတတ်ရမယ် လို့ သတင်းကြီးတယ်။

.
နယူးယောက်ထိုင်း သတင်းစာကြီးနဲ့ လူတွေ့မေးမြန်းခန်းမှာ ဘရိုင်ယန် က “ ကမ္ဘာကြီးကို အရှိ ထက်ပိုမြင်နိုင်တဲ့ ဝန်ထမ်းလောင်းတွေ ” ကိုသာ အလုပ်ခန့်တယ်လို့ ဖြေကြားခဲ့တယ်။ သူဆိုလိုတာက သူဟာ တီထွင်ဖန်တီးတတ်သူတွေကို လိုချင်တယ်။ အကြံသစ် ဥာဏ်ကောင်း ရှိသူတွေကို အလုပ်ပေးချင်တယ်။ စွန့်စားဖို့ အဆင်သင့်ဖြစ်နေသူတွေကို သူ ညွှန်ကြားချင်တယ်။
.
ယျေဘုယျအားဖြင့် အလုပ်ရသူများဟာ ကိုယ်ပိုင်စိတ်ဝင်စားမှု လွန်ကဲပြီး လူသားကြင်နာစိတ် ပြည့်ဝသူဖြစ်တဲ့အပြင် ဂုဏ်သိက္ခာ သမာသမတ်ရှိသူတွေ ဖြစ်တယ် လို့ ထပ်ရှင်းပြတယ်။ သူခိုင်းလိုက်တဲ့ အစီအစဉ်ကို အတိုက်အခံလုပ်ချင်လုပ်လိမ့်မယ် .. အဲ .. ဒီအခါမှာ ထိုပုဂ္ဂိုလ်မှာ ပိုမိုကောင်းမွန်တဲ့အကြံသစ် တစ်ခုရှိတယ်လို့ သူယုံကြည်တယ်။ လူကြီးလူကောင်းရဲ့ ခန္ဓာကိုယ်တွင်းမှာ ကလေးသူငယ်ရဲ့ ရိုးသားတဲ့ နှလုံးသားရှိပြီး စူးစမ်းလေ့လာတတ်တဲ့ သွင်ပြင်လက္ခဏာရှိသူတွေကို သူ အလုပ်ခန့်တယ်။
.
ဘရိုင်ယန် ရဲ့ အလုပ်ခန့်အင်တာဗျူးပုံစံက မြန်ဆန်လွန်းလှတယ်။
.
အလုပ်လျှောက်သူရဲ့ဘဝမှာ အကြီးမားဆုံးနဲ့ အမှတ်အရဆုံး ကိစ္စရပ်ကို ( ၃ ) မိနစ်အတွင်း ပြောစေတယ်။ အဖြေကိုကြည့်ပြီး အဖြေရှင်ဟာ သူ့ဘဝမှာ ကြီးမားစွာအိပ်မက်မက်သူဟုတ်မဟုတ်နဲ့ ကောင်းမွန်စွာတွေးတောသူဟုတ်မဟုတ် သူ ဆုံးဖြတ်တယ်။
.
လူတစ်ယောက်ရဲ့ဘဝကို ( ၃ ) မိနစ်နဲ့ ဘယ်လိုလုပ်ပြောနိုင်မှာလဲလို့ နယူးယောက်ထိုင်း သတင်းစာက စောဒကတက်တော့ ဘရိုင်ယန် ပြန်ဖြေလိုက်ပုံက ဒီလိုပါ။
.
“ ဘဝမှာ ရေရေရာရာ ကြီးမားတဲ့အမှုကို မလုပ်ပဲ Airbnb ကို အလုပ်လျှောက်ဖို့ ရောက်လာတဲ့သူဟာ နောင်လည်း ဘယ်တော့မှ လုပ်နိုင်မှာ မဟုတ်ဘူး ” ဆိုတာပဲ ဖြစ်ပါတယ်။
.
.

Ref: business insider , Wiki, www.airbnb.com

" Airbnb CEO ရဲ့ အလုပ်ခန့်ပုံ " စာမူသည် ၂ဝ၁၄ ဒီဇင်ဘဘာလ ( ၂ဝ ) ရက်နေ့၊ စနေနေ့ထုတ် NetGuide နည်းပညာဂျာနယ် အတွဲ ( ၃ ) ၊ အမှတ် ( ၆၅ ) ၊ စာမျက်နှာ ( ၄၇ ) တွင် ဖော်ပြပါရှိသည်။

No comments:

Post a Comment