 |
ဆောင်းပါးရှင်
- ကိုညီညီ ( တောင်ကြီး )
|
.
.
အခုတစ်လော
“ ထီး ”အကြောင်းပြောဆိုမှုတွေများလာတာနဲ့အမျှ ထီးကို အာရုံစိုက်မှုများလာတဲ့အထဲမှာ နည်းပညာနယ်ပယ်သည်လည်း
တစ်ခုအပါအဝင် ဖြစ်ပါတယ်။ သမားရိုးကျ ထီးကောက်၊ ခေါက်ထီး၊ ခလုပ်ထီး၊ ( ၃ ) ဆင့်ခေါက်ထီး၊
ပလပ်စတစ်ထီး ကနေ မြန်မာမှု ပုသိမ်ထီးအထိ နိုင်ငံတကာမှာ လူအမျိုးမျိုးက ထီးအမျိုးမျိုးကို
မိုးဒဏ်၊ နေဒဏ် ကနေ နှင်းဒဏ်အထိ အကာအကွယ်ယူကြပါတယ်။ ဘယ်လောက်အမျိုးအမည်များပါစေ ထောက်တံ
( စပုတ်တံရိုး ) နဲ့ အူတိုင်ပါတဲ့ ရွက်ဖွင့်ထီးကနေ ရုန်းမထွက်နိုင်ခဲ့ကြပါ။ အခုတော့
တီထွင်ပြောင်းလဲသူတွေ ရှိလာနေပါပြီ။ ၂ဝ၁၄ နှောင်းပိုင်းမှာ အသစ်ထွင်လာခဲ့ကြတဲ့ လေ-ထီး
နဲ့ ဆာ-ထီး တို့အကြောင်းကို ပူးတွဲတင်ပြပါမယ်။
.
.
လေ-ထီး
ရဲ့ အမည်က Air-Umbrella ဖြစ်ပြီး တရုတ်နိုင်ငံက တီထွင်သူများက ပွဲထုတ်လိုက်ပါတယ်။ ထီးအနေအထားဟာ
ဆံပင်မှုတ်စက် နဲ့ အနှိပ်စက် ပုံဆန်ဆင်ဆင်ဖြစ်ပြိး ကိုင်ဆောင်သူရဲ့ အကွာအဝေး ( ၃ ) ပေကျော်အထိ
မိုးရေကို ကာကွယ်ပေးပါလိမ့်မယ်။ ပြန်လည်အားသွင်းရတဲ့ ဘက်ထရီခြောက်စံနစ်ပါ ကိရိယာဖြစ်ပြီး
တစ်ခါအားသွင်းထားရင် ( ၁၅ ) မိနစ် နဲ့ နာရီဝက် အကြာအထိ ဆောင်းထားနိုင်ပါတယ်။
.
(
၂ ) ပေါင်ခန့်လေးတဲ့ ဒုတ်တံတစ်ချောင်းသာသာဖြစ်ပြီး ခလုပ်ကို ဖွင့်ထားတာနဲ့ ဆောင်းသူရဲ့
ခေါင်းပေါ်ကို ကျရောက်လာမယ့် မိုးရေစက်တွေကို ထီးက လေအားနဲ့ မှုတ်ထုတ် လွှမ်းခြုံပေးထားမှာပါ။
ဘေးကလူကြည့်ရင်တော့ ထီးဆောင်းထားတာနဲ့ မတူပဲ အိုလံပစ်မီးရှူးတိုင် ကိုင်ထားသလို မြင်ရလို့
ခပ်ဆန်းဆန်းဖြစ်နေဦးမှာ သေချာပါတယ်။
.
ပြီးတော့
ထီး ဆောင်းထားသူရဲ့ ဦးခေါင်းအထက်နားမှာ ထီးပုံစံ ရေပန်းတစ်ခုလည်း ပုံပေါ်နေမှာဖြစ်လို့
စတိုင်အတော်ကျမယ့် ထီးဖြစ်တယ်လို့ Business Insider က ရေးပါတယ်။ လောလောဆယ် ပုံကြမ်း
- Prototype အဆင့်ကနေ သုံးစွဲသူလက်ထဲကို ၂ဝ၁၅ အမှီ ပို့ပေးမယ်လို့ ဆိုထားပါတယ်။ အခုထိတော့
ထုတ်လုပ်ဖို့ ရံပုံငွေ ရှာနေဆဲဖြစ်ပြီး နောက်ပိုင်းမှာ အားသွင်းချိန်ပိုခံနိုင်အောင်
နဲ့ နှင်း ဒဏ်ကိုပါ ကာကွယ်နိုင်အောင် တိုးတက်ပြောင်းလဲယူနေတယ်လို့ တီထွင်သူ Chuan
Wang အုပ်စုက သတင်းပေးထားပါတယ်။
.
.
.
.
ကျွန်တော်တို့
ငယ်ငယ်တုန်းက စက္ကူခေါက်တွန့်လေးတွေနဲ့ ချိုးယူတဲ့ အိုရီဂါးမီ ကို မှတ်မိကြမှာပေါ့။
ကလေးဘဝပျော်စရာ နဲ့ ခေတ်သစ်နည်းပညာကို ပေါင်းစပ်လိုက်တဲ့အခါ ထောက်တံမပါတဲ့ ခေါက်ထီးတစ်မျိုးကို
နယူးယောက်မြို့တစ်နေရာက Nooka ဒီဇိုင်းစတူဒီယိုလေးမှာ ထုတ်လုပ်အသက်သွင်းလိုက်ကြပါတယ်။
.
ဒီဇိုင်နာ
မက်ဒရူးဝေါမင် နဲ့ ဂျပ်စတင်နိတ်ဂါဘပ်ခ်ျ တို့ ရဲ့ ဂျပန်နိုင်ငံရဲ့ အိုရီဂါးမီ စက္ကူခေါက်နည်းအပေါ်
ဆင့်ပွားတီထွင်မှုလို့ သိရပါတယ်။ ထီးအဖွင့်အပိတ်ကို ဝင်ရိုးလက်ကိုင်ကနေ ထိန်းချုပ်နိုင်သလို
ထီးရွက်ကိုဖွင့်ဖို့ ရွက်ကားစပုတ်တံ တစ်ချောင်းမှ မပါဝင်ပါ။ မသုံးတော့ရင် ထီးရွက်ကို
လိပ်ထားလို့ ရပါတယ်။ သုံးမယ်ဆိုရင်လည်း လက်ကိုင်ကနေ ဆန့်တွန်းလိုက်ရုံပါပဲ။
.
မိုးကြီးလေပါ မြို့ပြမိုးအောက်မှာ ထီးရွက်လန်သွားမှာ
ကြောက်စရာမလိုတော့ပါ။ အိုရီးဂါးမီ ရဲ့ စက္ကူအပေါ်သက်ရောက်တဲ့ ဂုဏ်သတ္တိကို တွက်ချက်ပြီးတည်ဆောက်ထားလို့
ထီးဟာ လူကို မိုးထားတဲ့အနေအထားကနေ ပျက်ယွင်းသွားစရာမရှိဘူးလို့ သူတို့ ( ၂ ) ဦး က
ရှင်းပြပါတယ်။ သူတို့လည်း အလားတူ ရံပုံငွေစုဆောင်းဆဲဖြစ်ပြီး ထိပ်ဆုံးထွက်လာမယ့် သူတို့ရဲ့
Sa Umbrella ကို ( ၆၉ ) ဒေါ်လာနဲ့ ကြိုတင်မှာကြားနိုင်ပါတယ်။
.
.
တီထွင်မှုရဲ့
အသီးအပွင့်တွေကို အမြဲငံ့လင့်နေတဲ့ အမေရိကား သုံးစွဲသူများ နဲ့ အမှီလိုက် တရုတ်ကျောင်းသားဆန်းသစ်တီထွင်သူများရဲ့
ထီး အပေါ် အသွင်ပြောင်းစိတ်ကူးများကို ကျွန်တော်တို့အားလုံး ကြိုဆိုလိုက်ကြရအောင်လား။
.
.
Ref:
Wired.com and Business Insider
.
" အသစ်ထွင်လိုက်တဲ့ လေ-ထီး နဲ့ ဆာ-ထီး " စာမူသည် ၂ဝ၁၄ နိုဝင်ဘာလ ( ၈ ) ရက်နေ့၊ စနေနေ့ထုတ် NetGuide နည်းပညာဂျာနယ် အတွဲ ( ၃ ) ၊ အမှတ် ( ၅၉ ) ၊ စာမျက်နှာ ( ၄၇ ) တွင် ဖော်ပြပါရှိသည်။
Download Link :http://www.mediafire.com/download/lua6qx340ezpea4/Vol.3,_No._59.pdf